ရေချိုးချိန်မှာ မှားတတ်တာလေးတွေ
ရေချိုးတာကတော့ ငယ်ငယ်တည်းက ပုံမှန်လုပ်နေကြတဲ့အရာမို့ လူတိုင်းရေချိုးတတ်မှာပါ။ ဒါပေမယ့် ကျန်းမာအောင်၊ လှပအောင် ရေချိုးဖို့တော့ လူတိုင်း မလုပ်တတ်ပါဘူး။
ဒါကြောင့် ရေချိုးရာမှာ မလုပ်သင့်တဲ့အမှားတွေကို ပြောပြပေးသွားပါမယ်။
(1) ရေမကြာခဏချိုးတာ
တချို့က တစ်နေ့တည်းမှာ ၃-၄ ကြိမ်ထိ ရေချိုးတတ်ကြပါတယ်။ ရေချိုးတဲ့အခါ အရေပြားပေါ်က အစိုဓာတ်ကိုထိန်းပေးတဲ့ သဘာဝအဆီတွေနဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ပါတဲ့အတွက် ရေခဏခဏချိုးတဲ့အခါ အရေပြားက ခြောက်သွေ့ယားယံပြီး အက်ကွဲလာလို့ မကောင်းတဲ့ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ လမ်းကြောင်းဖြစ်လာနိုင်ပါတယ်။ ရေမကြာခဏချိုးခြင်းက ရေအရင်းအမြစ်တွေကို ဖြုန်းတီးရာလည်း ရောက်ပါတယ်။
(2) မသုံးသင့်တဲ့ ဆပ်ပြာတွေ သုံးနေမိတာ
ဘက်တီးရီးယားတွေကို သေစေတဲ့ Antibaterial Soap တွေ သုံးတဲ့အခါ အကျိုးပြုဘက်တီးရီးယားတွေကိုပါ သေစေပါတယ်။ ဓာတုပြင်းအားများတဲ့ ဆပ်ပြာတွေ သုံးတာကလည်း အသားအရေခြောက်သွေ့တာ၊ ဓာတ်မတည့်တာ ဖြစ်စေပါတယ်။ အစိုဓာတ်ဖြည့်ပေးတဲ့ အပျော့စားဆပ်ပြာနဲ့ Cleanser တွေသာ သုံးသင့်ပါတယ်။
(3) ရေချိုးတဘက်၊ ဂျီးတွန်းတဲ့ရေမြှုပ်နဲ့ ရေချိုးခေါင်းစွပ်ကို ပုံမှန်မလျှော်တာ
ရေချိုးတဘက်၊ ဂျီးတွန်းတဲ့ရေမြှုပ်နဲ့ ရေချိုးခေါင်းစွပ်တွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေ ကပ်ငြိနေနိုင်လို့ တဘက်ကို ပုံမှန်လျှော်တာ၊ ဂျီးတွန်းရေမြှုပ်ကိုဆပ်ပြာရည်နဲ့ စိမ်ကာလျှော်ပြီးအခြောက်ခံပြီးမှ သုံးတာ၊ ရေချိုးခေါင်းစွပ်ကို ရေနွေးနဲ့ ပုံမှန်လျှော်တာတွေ လုပ်သင့်ပါတယ်။ ရေမြှုပ်ကို ၂လတစ်ကြိမ် အသစ်လဲသင့်ပါတယ်။
(4) ရေချိုးခန်းလိုက်ကာတွေကို ပုံမှန်မလျှော်တာ
ရေချိုးခန်းလိုက်ကာတွေကလည်း ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ကပ်ငြိနေနိုင်လို့ ပုံမှန်လျှော်တာ၊ အသစ်လဲတာ လုပ်ပါ။
(5) ခေါင်းခဏခဏ လျှော်တာ
လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ပြီး ချွေးထွက်များတဲ့သူဆိုရင်တောင်မှ နေ့စဥ်ခေါင်းလျှော်ဖို့ မလိုအပ်ပါဘူး။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားက သဘာဝအဆီတွေကို ဆုံးရှုံးစေတာမို့ ဆံပင်က ခြောက်သွေ့ကြမ်းတမ်းလာပါလိမ့်မယ်။
(6) ရေပူသုံးတာ
ရေပူပူလေးနဲ့ချိုးရတာက နွေးထွေးပြီး အကြောပြေစေမှာပါ။ ဒါပေမယ့် ရေပူတွေက အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်ပြီး ခြောက်သွေ့ယားယံ ကြမ်းတမ်းစေကာ အရေးအကြောင်းတွေကိုလည်း ဖြစ်စေပါတယ်။ အထူးသဖြင့် နှင်းခူနဲ့ ဆိုရီရေးဆစ်အရေပြားရောဂါ ရှိတဲ့သူတွေမှာ ရေပူနဲ့ချိုးရင် အရေပြားကို ပိုမိုဆိုးရွားစေတတ်လို့ အတော်အသင့်နွေးရုံလောက်ပဲ သုံးသင့်ပါတယ်။
(7) ဆပ်ပြာမသုံးသင့်တဲ့ နေရာတွေကို သုံးတာ
တစ်ကိုယ်လုံးကို ဆပ်ပြာသုံးဖို့ မလိုပါဘူး။ ချိုင်းကြား၊ ပေါင်ကြား၊ မျက်နှာ၊ ခြေထောက်နဲ့ လက်တွေကိုပဲ ဆပ်ပြာတိုက်သင့်ပါတယ်။ အထူးသဖြင့် မိန်းမကိုယ်ကို ဆပ်ပြာသုံးတဲ့အခါ အကျိုးပြုဘက်တီးရီးယားတွေရဲ့ မျှခြေကို ပျက်စီးစေလို့ Bacterial Vaginosis ဖြစ်ကာ ယားယံလာတတ်ပါတယ်။
(8) ရေချိုးခန်းက ပန်ကာကို မဖွင့်တာ
ရေချိုးခန်းဟာ အမြဲစိုစွတ်နေတတ်လို့ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ဖွားနေနိုင်ပါတယ်။ ရေချိုးခန်းပန်ကာက နံရံနဲ့ ကြမ်းပြင်တွေကို ခြောက်သွေ့စေပြီး စိုထိုင်းဆကို လျှော့ချပေးမှာပါ။
(9) ရေချိူးပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် မလိမ်းတာ
ရေချိုးတဲ့အခါ သဘာဝအဆီတွေ ဆုံးရှုံးသွားတတ်လို့ အစိုဓာတ်ထိန်းခရင်မ် (moisturizer) လိမ်းဖို့ အကောင်းဆုံးအချိန်ဟာ ရေချိုးပြီးစ အချိန်ပါပဲ။
(10) ထိခိုက်ရှနာ သေးသေးလေးတွေကို ဖုံးအုပ်ထားတာ
ရေချိုးတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ထိခိုက်ရှနာသေးသေးလေးတွေကို ဖုံးအုပ်ထားဖို့ မလိုပါဘူး။ ဆပ်ပြာနဲ့ ရေနွေးနွေးလေးနဲ့ ဒဏ်ရာကို သန့်စင်ပြီး ရေချိုးပြီးမှ ပြန်ဖုံးအုပ်တာမျိုး လုပ်သက့်ပါတယ်။ ကြီးမားပြင်းထန်တဲ့ ဒဏ်ရာတွေဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်ပါ။
ဆပ်ပြာတိုက်ပြီး ရေလောင်းတာတော့ လူတိုင်းလုပ်တတ်ပါတယ်။ ကျန်းမာလှပစေဖို့ အခုဖော်ပြခဲ့တဲ့ အမှားတွေကို ရှောင်ကျဥ်ပြီး စနစ်တကျ ရေချိုးတတ်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်